Saturday, July 6, 2013

ရွှေပြည်တံခွန်မှ တရုတ်နိုင်ငံတွင် ဟန်းဆက်များ ထုတ်၍ မြန်မာနိုင်ငံတွင် ဖြန့်ဖြူးမည်


ရွှေပြည်တံခွန် အများပိုင်ကုမ္ပဏီမှ တရုတ်နိုင်ငံတွင် ဟန်းဆက်များ ထုတ်လုပ်၍ မြန်မာနိုင်ငံ တွင် ဖြန့်ဖြူးပေး သွားမည် ဖြစ်ကြောင်း ရွှေပြည်တံခွန် အများပိုင် ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးလွင်နိုင်ဦးက ပြောသည်။

“အခု ဈေးကွက်အနေအထားကို ကြည့်နေတာပါ။ မကြာခင်မှာလည်း တရုတ်မှာ ဟန်းဆက်ထုတ်ပြီး ဒီမှာ ဖြန့်ဖြူးပေးသွားမှာပါ” ဟု ဦးလွင်နိုင်ဦးက ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ လျှပ်စစ်မီး လိုအပ်ချက်ကြောင့် မိုဘိုင်းဟန်းဆက်စက်ရုံ စီမံကိန်းကို ရပ်နားထားဦးမည် ဖြစ်သော်လည်း ယခုနှစ်မကုန်မီ မိုဘိုင်းဟန်းဆက် စက်ရုံ စီမံကိန်းကို အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ “ဒီမှာ ဟန်းဆက်စက်ရုံ တည်ဆောက်ဖို့အတွက်က ဂျာမနီ အခြေစိုက် ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်း ဆောင်ရွက်မှာပါ။ ဒီအတွက် သယ်ယူပို့ဆောင်ရေး အပါအဝင် ဖြန့်ချိရတာ အဆင်ပြေမယ့် နေရာကနေ တည်ဆောက်သွားမှာပါ” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။ ထုတ်လုပ်ဖြန့်ဖြူးမည့် ဟန်းဆက်မှာ Android ဖုန်းအမျိုးအစား ဖြစ်ပြီး GSM စနစ်သာ အသုံးပြုနိုင်မည် ဖြစ်သည်။ ဈေးနှုန်းပိုင်းတွင်လည်း ပြည်သူအများ အသုံးပြုနိုင်သော ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။ ရွှေပြည်တံခွန် အနေဖြင့် လက်ရှိတွင်ပြည်တွင်း ဟန်းဆက်ဈေးကွက်၌ ဈေးကွက်ဝေစု တစ်ခုရရှိနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Ref & Credit: ပြည်မြန်မာသတင်းဂျာနယ်

0 comments: